ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ၄၆ ရပ်ကွက်ရဲ့ နေအိမ်တွေကို အခုလို မိုဦးစမှာမြင်တွေ့ရတဲ့ အခြေအနေပါ။ မိုးဦးကာလဆိုရင် ရန်ကုန်မြို့ ဆင်ခြေဖုန်းရပ်ကွက်တွေ အနေအထားကတော့ မိုးသည်းရင်သည်းသလောက် အိမ်တွေ နေအိမ်ခြံဝန်းတွေထဲမှာ ရေတွေတင်ကျန်ခဲ့တော့တာပါ။
နှုန်းတွေနဲ့ပြည့်နေတဲ့ရေမြောင်းရေ၊ မြောင်းမကြီးတွေထဲ ပိတ်ဆို့နေတဲ့အမှိုက်တွေ ၊ ရေစုနိုင်တဲ့ စွက်မြေတွေနေရာမှာ ရောက်ရှိနေတဲ့အိမ်ခြေတွေကြောင့်ရော ၊ လူနေထူထပ်လာမှုနဲ့အတူ၊ မိုးသည်း သည်းရွာတာနဲ့ ရေလျှံမှာ ရေဝင်မှာတွေကို ပူပန်နေရပါတယ်။
နှစ်စဉ်ရေတွေဝင်ကြမို့ ၊ ရပ်ကွက်မှာနေထိုင်နေကြသူတွေကလည်း ပြင်ဆင်မှုတော့ ပြုလုပ်နေတာပါ။ ဒါပေမယ့် ငွေကြေးတတ်နိုင်သူက တတ်နိုင်သလို ကိုယ့်အိမ်ခြံဝန်းကို လမ်းမြေနဲ့တစ်သားတည်းဖြစ်အောင်မြှင့်လိုက်တာ၊ ကွန်ကရစ်တွေ အသေပိတ်လိုက်တာတွေကြောင့် ရေဆင်း၊ ရေစိမ့်စရာနေရာနည်းပါးပြီး ၊ရေဝပ် ရေလျှံမှုတွေသာ ပိုမို ဖြစ်လာစေပါတယ်။ မြို့တော်စည်ပင် အနေနဲ့ မိုးမကျခင် ရေစီးရေလာကောင်းစေမယ့် ပင်မချောင်းတွေကို သန့်ရှင်းရေးတွေ ၊ အမှိုက်သရိုက် ဖယ်ထုတ်တာတွေလည်း စီမံချက်ရေးဆွဲ စနစ်တကျ လုပ်ဆောင်နေတာပါ။ ဒါပေမယ့် အများပြည်သူ အနေနဲ့ ရေကြီးရေလျှံတာတွေကို ပြစ်တင်ပြောဆိုမယ့်အစား မိမိနေအိမ်ရှေ့ ရေနှုတ်မြောင်း၊ ပတ်ဝန်းကျင်ရှိ ရေမြောင်းတွေကို ပူးပေါင်း ထိန်းသိမ်းပေးဖို့လည်း တိုက်တွန်း ပြောဆိုပါတယ်။
ရုပ်သံသတင်းထောက် - ခင်ဝိုင်းဖြူဖြူ